Saturday , August 15 2020
Breaking News
Home / ေမးခြန္းမ်ား / လှိုင်သာယာမြို့နယ်အတွင်း ယခုလက်ရှိကျင့်သုံးနေသည့် အမှိုက်သိမ်းစနစ်များထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုစနစ်ကိုရှေးရှုသည့် အမှိုက်သိမ်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

လှိုင်သာယာမြို့နယ်အတွင်း ယခုလက်ရှိကျင့်သုံးနေသည့် အမှိုက်သိမ်းစနစ်များထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုစနစ်ကိုရှေးရှုသည့် အမှိုက်သိမ်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

 

ရန်ကုန်၊ အောက်တိုဘာလ၊ ၈  ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင်  လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက “လှိုင်သာယာမြို့နယ်အတွင်း ယခုလက်ရှိကျင့်သုံးနေသည့် အမှိုက်သိမ်းစနစ်များထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုစနစ်ကိုရှေးရှုသည့် အမှိုက်သိမ်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက် ပေးမည်၊ ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည် ” ကို မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက“  မေးခွန်းနှင့်စပ်လျဉ်း၍ လှိုင်သာယာမြို့နယ်သည် ၂၆.၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၀)ရပ်ကွက်၊ ကျေးရွာ (၉)ရွာ၊ လူဦးရေ (၁၀)သိန်းခန့်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရပ်ကွက်ပေါင်း (၁၆) ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာတို့အား ဝန်ထမ်းအင်အား(၁၆၀)ဦး၊ အမှိုက်သိမ်းယာဉ် (၁၈)စီး၊ အမှိုက်သိမ်းသုံးဘီးဆိုင်ကယ် (၁၀)စီး၊ ၆၆၀ လီတာ (၈၉) ပုံး၊ ၂၄၀ လီတာ (၂၄)ပုံး၊ အုတ်အမှိုက်ကန် (၄၃)ကန်၊ ရွေ့လျားသံအမှိုက်ကန် (၄၀)ကန်ဖြင့် တစ်ရက်လျှင် အမှိုက်တန်ချိန် (၂၂၅.၅)တန်ခန့်အား မြို့နယ်(၂)ပိုင်းခွဲ၍ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကျန်ရှိနေသော (၆)ရပ်ကွက်၊ (၁၅) ရပ်ကွက်၊ (၁၈) ရပ်ကွက်၊ (၁၉) ရပ်ကွက်များနှင့် ရှမ်းချောင်း ကျေးရွာ၊ ကစင်ကျေးရွာ၊ ရွှေလင်ပန်းကျေးရွာ၊ အပြင်ပဒံကျေးရွာ၊ ကုလားကြီးစုကျေးရွာ၊ အလယ်ရွာကျေးရွာ များအား ဝန်ဆောင်မှု အပြည့်အဝ မပေးရသော်လည်း ရပ်ကွက်နှင့် ကျေးရွာများမှ ပြုလုပ် ထားသော ယာယီအမှိုက်ကန်များ၊ ဝါးကတ်ကန်များ၊ စည်းကမ်းမဲ့အမှိုက်ပစ်နေရာများကို မြို့နယ်သန့်ရှင်းရေး တာဝန်ခံရုံးမှ ဝင်ရောက်သိမ်းဆည်းပေးလျက်ရှိပါကြောင်း၊ ၎င်းဝန်ဆောင်မှုပေးရန် ကျန်ရှိသော ရပ်ကွက် (၄)ခုနှင့် ကျေးရွာ(၆)ရွာတို့မှာ ယခင်က လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ ကျူးကျော်များ များပြားခြင်း၊ အမှိုက်သိမ်းဆည်း ဆောင်ရွက်နိုင်ရန် အခက်အခဲများရှိခဲ့ခြင်းကြောင့် အမှိုက်သိမ်းဝန်ဆောင်မှု ပေးခဲ့ခြင်း မရှိပါကြောင်း၊ ယခုအခါ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ အိမ်၊ ခြံ၊ မြေများ စနစ်တကျ ဖြစ်ပေါ်လာခြင်း၊ ရပ်ကွက်/ ကျေးရွာ ဖွဲ့စည်းပုံအပြည့်ဖြင့် ရောက်ရှိလာပြီဖြစ်ခြင်းကြောင့် မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အမှိုက်သိမ်းဝန်ဆောင်မှုအား ဝန်ဆောင်မှုပေးရန် လိုအပ်လျှက် ရှိပါကြောင်း၊ အမှိုက်သိမ်းဝန်ဆောင်မှု ပေးနိုင်ရေးအတွက် အဖုံးပါသော အမှိုက်ပုံးများ၊ ရွေ့လျားအမှိုက်ကန် များအား ထပ်မံချထား၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဝန်ဆောင်မှုပေးရန် ကျန်ရှိနေသည့် ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာ (၆) ရွာအား ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ယခုဝန်ဆောင်မှုပေးနေသည့် (၁)ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက်၊ (၄) ရပ်ကွက်၊ (၅) ရပ်ကွက်၊ (၇) ရပ်ကွက်၊ (၈) ရပ်ကွက်၊ (၉) ရပ်ကွက်၊ (၁၀) ရပ်ကွက်၊ (၁၁) ရပ်ကွက်၊ (၁၂) ရပ်ကွက်၊ (၁၃) ရပ်ကွက်၊ (၁၄) ရပ်ကွက်၊ (၁၆) ရပ်ကွက်၊ (၂၀) ရပ်ကွက်၊ ညောင်ရွာ /ဒိုင်စုကျေးရွာ၊ ရေဥက္ကံကျေးရွာ၊ အတွင်းပဒံကျေးရွာ၊ စုစုပေါင်း ရပ်ကွက် (၁၆) ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာတို့အား ယခုလက်ရှိ ဝန်ဆောင်မှုပေးနေသည့် စနစ်ထက် ပိုမိုကောင်းမွန်သည့် အမှိုက်သိမ်း စနစ်(သို့) ပြီးပြည့်စုံသော အမှိုက်သိမ်းစနစ် ဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်ရန် အပိုင်းလိုက် ဆောင်ရွက် သွားမည် ဖြစ်ပြီး ယခုအခါ နဝဒေးအိမ်ရာ၊ ကျန်စစ်သားအိမ်ရာနှင့် အောင်ဇေယျ အိမ်ရာကဲ့သို့ လှိုင်သာယာ မြို့နယ်၊ အမှတ်(၁) ရပ်ကွက်နှင့် အတွင်းပဒံကျေးရွာများအား ပြီးပြည့်စုံသော အမှိုက်သိမ်းဝန်ဆောင်မှု စနစ်ဖြင့် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ လက်ရှိဝန်ဆောင်မှုပေးနေသော ရပ်ကွက် (၁၆) ရပ်ကွက်၊ ကျေးရွာ(၃)ရွာတို့အား ယခုထက် ပိုမိုကောင်းမွန်သောအမှိုက်သိမ်းစနစ်များ ထပ်မံတိုးချဲ့ ဆောင်ရွက် နိုင်ရန်နှင့် ဝန်ဆောင်မှုပေးရန် ကျန်ရှိနေသော ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာ(၆)ရွာတို့အား ဝန်ဆောင်မှု ပေးနိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်တာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး လှိုင်သာယာမြို့နယ်အတွက် 1 Ton Hopper Tipper (၂၀)စီး၊ 8 Ton Roll On Roll Off (၁)စီး၊ 8 Ton Ta Ta Compactor (၂)စီး၊ 4 Ton Cheng Long (၂)စီး၊ စုစုပေါင်း (၂၅)စီးနှင့် အဆိုပါ ယာဉ်များအတွက် ယာဉ်မောင်း(၂၅)ဦး၊ ဝန်ထမ်း (၃၅)ဦး လိုအပ်ကြောင်း တင်ပြသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် BE တွင် ဘတ်ဂျက် တင်ပြတောင်းခံထားပြီးဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး (သို့) ဆင်မင်းဈေးအတွင်း လေကောင်းလေသန့်၊ ရေကောင်းရေသန့်ရရှိရေးနှင့် ဈေးအတွင်း သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ အောက်တိုဘာလ၊ ၉  ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင်  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက …

Leave a Reply

Your email address will not be published. Required fields are marked *